2019 ခုနှစ်က‌ Foldable Phone ဆိုတဲ့ ခေါက်ကွေးနိုင်သော ဖုန်းများ ရဲ့ စတင်ခြင်းပါ။ Foldable Phone တော်တော် များများကို မြင်တွေ့ခဲ့ရလို့ Foldable Phone ဟာ 2019 ရဲ့ Smartphone Trend လို့လည်း ဆိုလို့ရပါတယ်။ အခုဆိုရင် ဖုန်းတွေရဲ့ Display တွေဟာ ကြီးသထက် ကြီးလာနေပြီး တစ်ချို့ ဖုန်းတွေဆိုရင် ဖုန်းလို့ခေါ်ပေမယ့် Tablets အရွယ်အစား နီးပါရှိပါတယ်။ 

Foldable Phone တွေဟာ ဟိုးအရင်က Flip Phones ဆိုတဲ့ အထက်အောက် လှန်ချိုးလို့ရတဲ့ ဖုန်းတွေရဲ့ သဘောကို ယူထားပြီး ခေါက်ကွေးနိုင်တဲ့ နည်းပညာ အသစ်တွေနဲ့ ပေါင်းစပ်ထားတာပါ။ နောက်ကို တစ်လှမ်းဆုတ်ပြီး ရှေ့ကို နှစ်လမ်း ခုန်ကျော်လိုက်တာမျိုးပေါ့။ 

ဒါက ဖုန်းကို အလယ်ကနေ ကွေးညွှတ်ခွင့် ပေးလိုက်တဲ့ အတွက် ခေါက်ကွေးထားတဲ့ အချိန် ပုံမှန် အရွယ်အစားရှိတဲ့ ဖုန်းတစ်လုံးလို ဖြစ်ပြီး ဖြန့်လိုက်ရင်တော့ Tablets လို သုံးနိုင်တာပါ။ Foldable Phone ဆိုတာ Smartphones နဲ့ Tablets နှစ်ခုကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစပ်ထားတာပါ။ 

ကဲ…2019 ခုနှစ် အတွင်းမှာ မိတ်ဆက် ပြသသွားတဲ့ Foldable Phones တွေရဲ့ အကြောင်းကို ကြည့်လိုက်ရအောင်လားဗျာ…။ 

1.Royole Flex Pai

Foldable Phone လို့ဆိုလိုက်တာနဲ့ တော်တော်များများက Galaxy Fold ကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်‌တော့ ရဲ့ Royole ရဲ့ Flex Pai ကမှ ကမ္ဘာ့ ပထမဆုံး Foldable Phone ဖြစ်ပါတယ်။ Royole ဆိုတာက 2012 ခုနှစ် မှာ တည်ထောင်ခဲ့ပြီး Flexible Electonics (ကွေးညွှတ်နိုင်သော လျှပ်စစ်ပစ္စည်း) တွေနဲ့ တခြား နည်းပညာမြင့် လူသုံးကုန် ပစ္စည်းတွေကို ထုတ်လုပ်တဲ့ တရုတ်နိုင်ငံ အခြေပြု ကုမွဏီတစ်ခုပါ။ 

အခု 2019 နှစ်စပိုင်းမှာ ကျင်းပသွားတဲ့  CES(Consumer Electronics Show) မှာ Flex Pai ကို မိတ်ဆက်ပြသသွားတာဖြစ်ပြီး သူ့ရဲ့ စျေးနှုန်းကတော့ (1588 Dollar) မြန်မာငွေ ၂၅သိန်းလောက် ကျသင့်မှာပါ။

2.Samsung Galaxy Fold

ပြီးခဲ့တဲ့ ဧပြီလလောက်က ဈေးကွက်ထဲကို ရောက်ရှိခဲ့ပြီး Smartphone လောကတစ်ခုလုံးကို အုတ်အုတ်ကြတ်ကြတ် ဖြစ်သွားစေတဲ့ Samsung Galaxy Fold ကို အားလုံးပဲ မှတ်မိကြဦးမှာပါ။ (ဒါကလည်း အရမ်းကောင်းလွန်းတဲ့ Samsung ရဲ့ Marketing တွေကြောင့်လို့ ယူဆနိုင်ပါတယ်)

မျက်နှာပြင် ကွေးညွှတ် ခေါက်သိမ်းနိုင်တဲ့ Galaxy Fold ကို ထုတ်လုပ်ရောင်းချခဲ့ခြင်းဟာ Samsung အတွက် အစ တာထွက်ကောင်းတယ် ပြောရမလား Display Errors တွေရှိနေလို့ ပြန်လည် သိမ်းယူခဲ့ရတာကြောင့် အစ တာထွက် မကောင်းခဲ့ဘူးလို့ ပြောရမလား တကယ် ဝေခွဲရခက်နေတာတော့ အမှန်ပါ။

ရောင်းချခဲ့ပြီးသား Galaxy Fold တွေကို ပြန်လည် သိမ်းယူခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြန်လည် ပြင်ဆင် အဆင့်မြှင့်တင်ပြီး နောက်မှာတော့ Galaxy Fold ကို ပြန်လည် ရောင်းချနေပါပြီ။

3.Huawei Mate X

ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူတွေထဲက တစ်ခုဖြစ်တဲ့ Huawei ကလည်း ဒီ ပြိုင်ပွဲထဲကို သူတို့ရဲ့ Mate X နဲ့ ဝင်ရောက်ထားပါတယ်။ သူကတော့ Galaxy Fold လို ဖုန်းရဲ့ အတွင်းဘက်ကို မခေါက်ချိုးဘဲ Flex Pai လို အပြင်ဘက်ကို ခေါက်ချိုးပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဖေ‌ဖေါ်၀ါရီလတုန်းက ကျင်းပသွားတဲ့ MWC(Mobile World Congress) မှာ ပြသသွားခဲ့တာဖြစ်ပြီး ‌ရောင်းချဖို့ အကြိမ်ကြိမ် နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ အခု လာမယ့် နိုဝင်ဘာလ ဝန်းကျင်မှာ ရောင်းချနိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

4.Xiaomi Foldable Phone

ကျွန်တော်တို့ အချစ်တော် Xiaomi ရဲ့ Foldable Phone ရဲ့ Teaser Video ကို Xiaomi ရဲ့ ဥက္ကဌ ဖြစ်သူ Lin Bin က သူ့ရဲ့ Weibo Account မှာ တင်ထားခဲ့ပါတယ်။ သူ့ အကြောင်းကို Public မှာ ထုတ်မပြရသေးလို့ သေသေချာချာ မသိရသေးပါဘူး။ အခု ထွက်ရှိထားတဲ့ Video ကို ကြည့်ရသလောက်တော့ Xiaomi ရဲ့ Foldable Phone ဟာ တခြား မြင်တွေ့ထားပြီးသား Foldable Phone တွေနဲ့ Design မှာ တော်တော်လေး

ကွာခြားနေပါတယ်။ MI MIX Alpha ကိုလည်း မကြာသေးခင်က ပြသသွားသေးတာမို့ ဒီ Foldable Phone မှာလည်း Xiaomi က ခေမှာတော့ မဟုတ်ပါဘူး။

5.Motorola Razr V4

Motorola Razr V4 က လာမယ့် နိုဝင်ဘာ ၁၃ရက်နေ့မှာ မိတ်ဆက်မှာပါ။ သူ့ အကြောင်းတွေကို သေချာ မသိရသေးပေမယ့် Leaks တွေလည်း ထွက်ရှိလို့ နေပါပြီ။ အခု လောလောဆယ် သိရှိထားရတာတွေကတော့ သူက အရင်တုန်းက Flip Phones တွေလိုမျိုး ဖြစ်ပါတယ်။ 

ကဲ ဒါဆိုရင် ခင်ဗျား နောက်တစ်ခါ ဝယ်မယ့် ဖုန်းကရော Foldable ဖြစ်လာနိုင်လား?

မဖြစ်နိုင်သေးပါဘူး။

နောက်…နောက်…နောက်…နောက်…နောက် ဝယ်မယ့် ဖုန်းကျရင်တော့ ဖြစ်နိုင်ပါတယ်။

 Foldable Phones တွေက မြင်နေရပေမယ့် အလှမ်းဝေးနေပါသေးတယ်။